သင်က သွေးတိုးရောဂါ ဖြစ်နိုင်ခြေများတဲ့ သူလား
အဖြစ်များတဲ့ ရောဂါတွေထဲမှာ သွေးတိုးကလည်း တစ်ခုအပါအဝင်ပါ။ သွေးတိုးရောဂါဆိုတာ သွေးကြောနံရံတွေက မာလာထူလာပြီး နှလုံးဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင် လုံလောက်စွာ မရနိုင်တော့ဘဲ နှလုံး၊ ကျောက်ကပ်၊ မျက်စိ၊ ဦးနှောက်နဲ့ သွေးကြောတွေကို ထိခိုက်လာတဲ့ ရောဂါဖြစ်ပါတယ်။
သွေးတိုးရှိမှန်း စောစီးစွာ မသိဘဲ ကုသမှုမခံယူခဲ့ရင်…
- လေဖြတ်တာ
- ဦးနှောက်သွေးကြောပြတ်တာ
- နှလုံးအမောဖောက်တာ
- နှလုံးပျက်စီးတာ
- ကျောက်ကပ်ပျက်စီးတာ
- အမြင်အာရုံချို့တဲ့လာတာ
- သူငယ်ပြန်သတိမေ့ရောဂါ ဖြစ်လာတာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
လူအများစုဟာ ခေါင်းတွေထိုးကိုက်လာရင် ရုပ်ရှင်တွေထဲကလို သွေးတိုးနေပြီလား၊ ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသွားတော့မှာလားလို့ တွေးတတ်ကြတယ်နော်။ ဒါကြောင့် ဘယ်လိုအခြေအနေ၊ ဘယ်လိုလူတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများလဲဆိုတာ သိထားနိုင်ဖို့ ပြောပြချင်ပါတယ်။
အသက်
အသက်ကြီးလာတာနဲ့အမျှ သွေးကြောနံရံတွေက ထူပြီး မာလာတာမို့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ အသက်ငယ်ပေမယ့် အဝလွန်နေတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေ၊ လူငယ်တွေမှာလည်း သွေးတိုးဖြစ်နိုင်ပြီး ငယ်ရွယ်စဥ်ဖြစ်တဲ့ သွေးတိုးက ပိုမိုဆိုးရွားနိုင်ပါတယ်။
လိင်
လူလတ်ပိုင်းအရွယ်မှာ အမျိုးသားတွေက သွေးတိုးရောဂါပိုဖြစ်နိုင်ပြီး အသက်ကြီးပိုင်းမှာတော့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ခြေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဥ် သွေးတိုးဖူးတဲ့ အမျိုးသမီးတွေဟာ အသက်ကြီးတဲ့အခါ သွေးတိုးရောဂါ ဖြစ်လေ့ရှိပါတယ်။
လူမျိုး
အာဖရိကန်အမေရိကန် လူမျိုးတွေက လူဖြူနဲ့ အာရှတိုက်သားတွေထက် သွေးဖိအား ပိုများတတ်ပြီး သွေးတိုးဖြစ်နိုင်ခြေ ပိုများပါတယ်။
မျိုးရိုးဗီဇ
သွေးတိုးရောဂါက မျိုးရိုးလိုက်တတ်တဲ့ရောဂါ ဖြစ်ပြီး မိဘဘိုးဘွားတွေမှာ သွေးတိုးရှိရင် သားသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံ
- စားတဲ့အစားအစာထဲမှာ ဆိုဒီယမ်များပြီး ပိုတက်ဆီယမ် မလုံလောက်သူတွေ
- ဆေးလိပ်သောက်သူ၊ ကိုကင်းနဲ့ အမ်ဖက်တမင်းလို မူးယစ်ဆေး သုံးစွဲသူတွေ
- အရက်နဲ့ကဖင်း အလွန်အကျွံသောက်သူ
- ကိုယ်လက်လှုပ်ရှားမှု မရှိသူ
- အိပ်ချိန်မလုံလောက်သူ၊ အိပ်ရေးဝအောင် မအိပ်သူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဆေးဝါး
စိတ်ကျရောဂါကုဆေးတွေတွေ၊ နှာခေါင်းပိတ််ရင် သုံးတဲ့ Decongestants၊ သန္ဓေတားသောက်ဆေးတွေ၊ Aspirin နဲ့ Ibuprofen လို NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေက သွေးဖိအားများစေပါတယ်။
တခြားရောဂါများ
ကင်ဆာအကျိတ်၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ Metabolic Syndrome နဲ့အဝလွန်တာလို ရောဂါတွေက ကိုယ်တွင်းက အရည်တွေ၊ ဆိုဒီယမ်နဲ့ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေပြီး သွေးဖိအားများကာ သွေးတိုးဖြစ်စေနိုင်ပါတယ်။
လူနေမှုအဆင့်အတန်းနဲ့ ပေါင်းသင်းဆက်ဆံရေး
ဝင်ငွေနည်းသူတွေ၊ လူနေမှုအဆင့်အတန်း နိမ့်ကျသူတွေနဲ့ စိတ်ဖိစီးမှု များသူတွေဟာ သွေးတိုးဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။
သွေးတိုးဖြစ်နိုင်ခြေ များတဲ့အုပ်စုမှာ ပါဝင်နေတိုင်း သွေးတိုးဖြစ်မှာတော့ မဟုတ်ပါဘူး။ အသက်၊ လိင်၊ မျိုးရိုးဗီဇတွေကို မပြောင်းလဲနိုင်ပေမဲ့ ရောဂါတွေ ရှိနေရင် ကုတာ၊ သောက်နေရတဲ့ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြောင်းလဲတာတွေ လုပ်လို့ ရပါတယ်။ ဆားနဲ့အငန်တွေ လျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ စိတ်ဖိစီးမှုနည်းအောင် နေတာတွေကလည်း သွေးတိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်